2.03.2013

အလုပ်လုပ်တဲ့နေရာမှာ အဆိုးမြင်စိတ် မလွန်ကဲပါစေနဲ့

အလုပ်လုပ်တဲ့နေရာမှာ အဆိုးမြင်စိတ် မလွန်ကဲပါစေနဲ့

အလုပ်လုပ်တဲ့ နေရာမှာ အဆိုးမြင်စိတ် မလွန်ကဲပါစေနဲ့လို့ ခေါင်းစဉ်တပ်ပြီး ထပ်ရေးပါရစေ ။
တစ်ကယ်တော့အဆိုးမြင်စိတ်လွန်ကဲတယ် ဆိုတာဘယ်နေရာမှာမှ မကောင်းနိုင်ပါဘူး ။ တစ်ချို့ကတော့ အကျင့်ကိုပါနေတာပါ။ဘယ်တော့မှ တော်တော်တန်တန်နဲ့ ကောင်းပါတယ်လို့ မပြောနိုင် ကြပါဘူး။ ကောင်းပါတယ်လို့ ပြောတာတောင်မှ ကောင်းတော့
ကောင်းပါရဲ့ ။ ဒါပေမဲ့ - ဆိုတာက ဆက်လိုက်ချင်သေးတာပါ ။
ဝေဖန်တာ ၊ ဆန်းစစ်တာ ၊ ခွဲခြမ်းစိတ်ဖြာတာနဲ့ အဆိုးမြင်တာ ဟာ တခြားစီပါပဲ ။ ဝေဖန်ရင် ၊ ဆန်းစစ်ရင် ၊ ခွဲခြမ်းစိတ်ဖြာရင် အဆိုး သာမက အကောင်းကိုပါ မြင်နိုင်ပါတယ် ။ အဆိုးကို တွေ့မြင်ထားတယ် လို့ဆိုရင်လဲ ဘယ်လို ကောင်းအောင်ပြုပြင်သင့်သလဲဆိုတာကိုပါ တစ် ပါတည်း မြင်လိုက်နိုင်ပါတယ် ။
အဆိုးမြင်သူများကတော့ မိမိရဲ့တာဝန်ကို သူတစ်ပါးအပေါ် လွှဲချချင်တဲ့သူများ ၊ မိမိရဲ့ ချို့ယွင်းချက်ကို ဖုံးဖိလိုတဲ့သူများ ဖြစ်နေတတ်တာကို တွေ့ရပါတယ် ။
အဆိုးမြင်ဝါဒဆိုတာကတော့ တစ်ခုခုကို လုပ်တော့မယ်ဆို ရင် ဖြစ်နိုင်ပါမလားကွာလို့ ထင်တတ်ပါတယ် ။ အဆိုးမြင် ၀ါဒမဟုတ်တဲ့ သူတွေကြတော့ ဖြစ်နိုင်တဲ့အလုပ်ဟုတ်ရဲ့လား ၊ မဟုတ်ဘူးလား နဲ့ တွေးတောမှု ၊ ဆန်းစစ်မှုများ လုပ်လေ့ရှိပါတယ် ။ အလုပ်လုပ်နေ ရင်းလဲ ဒီခြေလှမ်းဟာ မှန်တဲ့ခြေလှမ်းဟုတ်မဟုတ် တွေးတောတတ် ပါတယ်။ ဒါပေမဲ့ အမှားတစ်ခုခုတွေ့ရင် အဆိုးမြင်ဝါဒနဲ့ အကောင်းမြင် ၀ါဒတို့ ရင်ဆိုင်ပုံ မတူကြပါဘူး ။
ကိုယ်နဲ့မဆိုင်ရင် ၊ ကိုယ်မကြိုက်တဲ့သူ လုပ်တဲ့ကိစ္စဖြစ်ရင် တချို့က အပျက်ကိုပဲ ကြိုတွေးတတ်ကြပါတယ် ။ အဲဒီလို လူမျိုးတွေက အဆိုးမြင်ဝါဒ များဖြစ်ပါတယ် ။ တစ်ကယ့်ကို အပျက်နဲ့ရင်ဆိုင်ရရင်လဲ “ ဖြစ်မှာပေါ့ ၊ အစကတည်းက ဒီလို့ဖြစ်မယ်ဆိုတာ သိသားပဲ ” လို့ စတဲ့ စတဲ့စကားတင်းမျိုး ဆိုတတ်ကြပြန်ပါတယ် ။
မိမိနဲ့ မိမိလိုလားသူတို့ လုပ်တဲ့အလုပ်များကိုလဲ အဆိုးမြင် ၀ါဒ တစ်ချို့က ဖြစ်မှဖြစ်ပါမလားလို့ သံသယနဲ့ မ၀ံ့မရဲလုပ်တတ်ကြပါတယ် ။ တစ်ချို့ကတော့ အတက်အကျမြန် တတ်တဲ့စိတ်အထာကြောင့် ကိုယ်လုပ်ရင် ဖြစ်မယ်လို့ တစ်ထစ်ကျ ယုံတတ်ကြပါတယ် ။ သူ့ အဆိုးမြင်မှုက သူများအပေါ်မှာသာ အဆိုးမြင်တတ်တာကိုး ။
အဲဒီလူမျိုးဟာ အလုပ်မှာ အမှားတွေ ၊ ဆုံးရှုံးမှုတွေ့နဲ့တွေ့ရင် မဆည်နိုင်အောင်ဖြစ်တတ်ပါတယ် ။ ငါ့ကိုမှ ဒါမျိုးဖြစ်သလားဆိုတဲ့ အတွေးမျိုးနဲ့ ဆိုးရွားစွာ ခံစားရုံမကဘဲ ဒီလိုဆုံးရှုံးမှုအတွက် ဘယ်သူ့ ကို အပြစ်တင်ရင်ကောင်းမလဲဆိုတဲ့အတွေးကို ( တစ်ခါတစ်လေ သူ့ ဘာသာသူမသိဘဲ ) တွေးတတ်ပါတယ် ။ ဒီအရှုံးကို ကာမိအောင် ဘာလုပ်မလဲဆိုတာကို အရင်မတွေးတတ်ပါဘူး ။
အကောင်းမြင်ဝါဒများကတော့ အလုပ်လုပ်ရင် သေသေချာ ချာ ဆန်းစစ်ပေမယ့် မမျှော်လင့်ဘဲ မှားတတ်တဲ့အမှားတွေ ရှိတတ် တယ်ဆိုတာကို တွေးထားလေ့ရှိပါတယ် ။ အဲဒါကြောင့် သူတစ်ပါးမှာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရရင် ၀မ်းသာစိတ်ပေါ်မယ့်အစား ဒီလို အမှား မျိုး ငါမမှားအောင် လေ့လာထားမှ ဆိုတဲ့စိတ်နဲ့လေ့လာတတ်ပါတယ် ။ သူက ၀မ်းသာစိတ် ၊ ၀မ်းနည်းစိတ်ဆိုတဲ့ ခံစားမှုထက် လေ့လာလို တဲ့ ၊ စူးစမ်းလိုတဲ့ ၊ ဆန်းစစ်လို့တဲ့စိတ် ဦးစီးနေတဲ့အတွက် သူတစ်ပါး ကို မလိုမုန်းထားစိတ်နဲ့ ၀မ်းသာလေ့လဲ မရှိတတ်ပါဘူး ။ အရေးကြီး တာက ဘယ်သူ့ဘ၀ကိုပဲ လေ့လာလေ့လာ သင်ခန်းစာကောင်းရဖို့ ပဲ ဖြစ်ပါတယ် ။
အကောင်းမြင်ဝါဒဟာ သူကိုယ်တိုင် အလုပ်လုပ်ရာမှာ အဆုံး အရှုံးနဲ့ ရင်ဆိုင်ရင် စိတ်မဆင်းရဲဘူးလားလို့ မေးစရာရှိပါတယ် ။ လူ ပဲလေ- စိတ်ဆင်းရဲမှာပဲ ။ ဒါပေမဲ့ သူ့ဘ၀အတိုင်း သူဟာ အဆိုးမှာ သူ့စိတ်ကို မကိန်းစေဘဲ ချက်ချင်းလိုလို အမှားဟာ ဘာလဲ ၊ မှန်အောင် ဘယ်လိုပြင်ရမလဲ ဆိုတာကိုပဲစိတ်ဝင်စားမှာပါ။ တွေဝေနေ မှာမဟုတ်ပါဘူး ။
ကျွန်မတွေ့ဖူးသမျှ အဆိုးမြင်ဝါဒများဟာ အောင်မြင်သင့် သလောက် အောင်မြင်နေကြသည့်တိုင်အောင် စိတ်မချမ်းသာကြပါဘူး ။ သူတစ်ပါးအပ်ါအပြစ်မြင်နေရတာကိုက သူ့အဖို့ လေးလံတဲ့စိတ်အ ထာကို ဖြစ်စေတတ်ပါတယ် ။ အဲဒါကြောင့် ကိုယ့်အောင်မြင်မှုကို ကိုယ်အပြည့်အ၀ မခံစားနိုင်ကြပါဘူး ။
လောကမှာ လူဖြစ်လာတယ်လို့ဆိုကတည်းက အကောင်းနဲ့ အဆိုးဟာ ဒွန်တွဲပြီး ပါလာတတ်တာပါပဲ ။ ဘယ်နေရာ ၊ ဘယ်အချိန် မှာမဆို ငါသာလျှင် ကောင်းစားဖို့ဆိုတဲ့ တစ်ကိုယ်ကောင်းစိတ်နဲ့တွေးတာများလာရင် အဲဒီလူဟာ အဆိုးမြင်ဝါဒဖြစ်ဖို့ များလာပြီလို့ ဆိုရမှာပါပဲ ။
ဘယ်လောက်ပဲ ငါကောင်းစားဖို့ တစ်ယောက်တည်းကြိုးစားသည်ဖြစ်စေ ၊ ဘယ်သူမဆို ရင်ဆိုင်ရတတ်တဲ့ လောကဓံကျတော့ အရှုံးပေးရမှာပါပဲ ။ မိတ်မရှိ ၊ ဆွေမရှိ ၊ တစ်ဦးတည်း ၊ တစ်ယောက်တည်း လောကဓံကို ရင်ဆိုင်ရတဲ့သူများအနေနဲ့ ဒုက္ခက ပိုကြီးမှာ ပါပဲ ။
လူ့ဘ၀ကို ရလာပြီလို့ဆိုတဲ့အခါမှာ အဆုံးစွန်ဆိုးတာလည်း မရှိပါဘူး ။ အဆုံးစွန်ကောင်းတာလဲ မရှိပါဘူး ။
အင်မတန် ပြည့်စုံပါတယ် ၊ ကံကောင်းပါတယ်လို့ ဆိုတဲ့ သူများတောင်မှ လောကဓံဆိုးလေးပါးနဲ့ ကြုံတဲ့အခါမှာ အတော်ခံရဆိုး ပါတယ် ။ အပြစ်တင်ရမယ်ဆိုရင် ၊ အဆိုးမြင်ရမယ်ဆိုရင် လူ့ဘ၀ဟာ ဘာမှမက်မောစရာမရှိပါကလားဆိုပြီး စိတ်ဓာတ်ကျသွားနိုင်ပါတယ် ။ လူတောင် သေသွားနိုင်ပါတယ် ။
အဲဒီအချိန်မှာ သူတစ်ပါးကိုပဲဖြစ်ဖြစ် ၊ လူမှုအဖွဲ့အစည်းကို ပဲဖြစ်ဖြစ် နိုင်ငံကိုပဲဖြစ်ဖြစ် အပြစ်တင်ကြည့်ပါလား ။ ပိုပြီးတာ စိတ် ဆင်းရဲသွားတော့မှာပေါ့ ။ အလုပ်လုပ်တဲ့နေရာမှာလဲ ဟန်ချက်တွေ ပျက်သွားနိုင်ပါတယ် ။
မူလကတည်းက အဆိုးမြင်တတ်တဲ့သူဟာ အလုပ်ခွင်မှာရော၊ ဘ၀မှာပါ တွေ့မှာသေချာတဲ့ အခက်အခဲများနဲ့ ရင်ဆိုင်ရတဲ့အခါ မှာ ကောင်းကွက်ကို ရှာမတွေ့တာနဲ့ဘဲ ထွက်ပေါက်မရှိတဲ့ ခံစားမှုမျိုး နဲ့ စိတ်ဒုက္ခများစွာရောက်ရပါလိမ့်မယ် ။ ကိုယ်ကအသာစီးနေရာ မှာ နေနေသေးရင်တော့ သိပ်မဆိုးလှပါဘူး ၊ ကျပြီဆိုရင် မိမိကိုယ်ကိုမိမိ ဆွဲတင်နိုင်ဖို့ ကြိုးစ ရှာမတွေ့ဘဲ ဖြစ်သွားမှာ စိုးရပါတယ် ။
ကျွန်မနေနဲ့တော့ အဆိုးရော ၊ အကောင်းရော ရောပြွမ်းနေ တဲ့ လောကကြီးမှာ ကောင်းအောင်လုပ်မယ်ဆိုရင်လဲ ကိုယ့်ကိုယ်ကိုပဲ အားကိုးရမှာပါပဲ ။ ( ခံရဖူးတာ ထပ်ကြိမ်များတဲ့သူ အနေနဲ့ ပြောတာပါ ) ။ အဲဒီတော့ အရာရာကို သတိထားတန်ထားပြီး ရွှင်ပျတဲ့စိတ်အထာနဲ့ ရင်ဆိုင်လိုက်ရင် အလုပ်လုပ်တဲ့နေရာမှာ လွယ်ကူ ပေါက်မြောက်လာပါလိမ့်မယ်လို့ အကြံပေးလိုပါတယ် ။


ဒေါက်တာမတင်ဝင်း
( ပညာရေးတက္ကသိုလ် )

No comments:

Post a Comment