2.03.2013

လူနဲ့သူ့ရဲ့အလုပ်


လူနဲ့သူ့ရဲ့အလုပ်

အရင်တုန်းကစည်းစနစ်အလွန်ရှိတဲ့ တရားသူကြီးဟောင်းတစ်ဦး ရှိသတဲ့။ သူ့အိမ်ရဲ့ခြံစည်းရိုးက ပြိုလဲနေတယ်။ ဒီတော့ခြံစည်းရိုးကာဖို့အတွက် သူ့မှာ သစ်မာတွေသာရှိတဲ့အကြောင်း ၊ သစ်အကောင်းစားတွေ မဟုတ်တဲ့အတွက် ရွေဘော်ထိုးဖို့ မလိုတဲ့အကြောင်းနဲ့ လုပ်ခကိုလည်း သူတတ်နိုင်သလောက် (တစ်ပေါင်ခွဲလောက်) ပဲပေးမယ့်အကြောင်း လက်သမားဆရာနဲ့ဆွေးနွေးပါတယ်။ လက်သမားကလည်း ခေါင်းညိမ့်လက်ခံပြီး အလုပ်စလုပ်ပါတယ်။
နေ့လည်ပိုင်းလောက် ရောက်တဲ့အခါ အဲဒီပုဂ္ဂိုလ်ကြီးဟာ အလုပ်လုပ်နေတဲ့လက်သမားဆီကို တစ်ခေါက် ရောက်လာပြီး အခြေအနေကို အကဲခတ်ပါတယ်။လက်သမားဟာ အကြမ်းကာဖို့ သတ်မှတ်ပေးခဲ့တဲ့သစ်မာတွေကို စနစ်တကျ ရွေပေါ်ထိုးနေတာကို တွေ့ရသတဲ့။အတော်အတန်လဲ ပြီးစီးနေတာကို တွေ့ရသတဲ့။ ဒီတော့တရားသူကြီးဟောင်းဖြစ်တဲ့ ပုဂ္ဂိုလ်ကြီးက ဒီလိုတွေးလိုက်ပါတယ်။
" ဒီလက်သမားဟာ လုပ်ခကို ကောင်းကောင်းလိုချင်တဲ့အတွက် လက်ရာသေသပ်အောင် ကြိုးစားနေတာထင်တယ်" ပေါ့လေ။ ဒီလိုနဲ့ အချောကိုင်ထားတဲ့သစ်တွေနဲ့ပဲ ခြံစည်းရိုး ကာပြီးတဲ့အချိန်ကို ရောက်သွားပါတယ်။ ပုဂ္ဂိုလ်ကြီးကလည်း သတ်မှတ်ထားတဲ့ အခကြေးငွေကိုပဲ ပေးပါတယ်။ ပိုမပေးပါဘူး။ လက်သမားကလည်း တခွန်းတပါဒမှတောင် စောဒကမတက်ဘဲ အသာတကြည် လက်ခံယူပါတယ်။ ဒီတော့ အလုပ်အပ်သူခမျာ အံ့အားသင့်စွာနဲ့ “ ဒီခြံစည်းရိုးက စပျစ်နွယ်ပင်တွေနဲ့ ဖုံးနေမှာမို့ ဒီလောက်ကောင်းအောင် လုပ်ဖို့မလိုတဲ့အကြောင်း မင်းကိုပြောပြီးအလုပ်အပ်ခဲ့တယ်။ ဘာလို့ ဒီလောက်ကောင်းအောင် ....” လို့မေးတဲ့အခါ စကားမဆုံးခင်မှာပဲ လက်သမားက “ ကျွန်တော့်အလုပ်ကို ကျွန်တော် အကောင်းဆုံးဖြစ်အောင်ပဲ လုပ်တတ်ပါတယ်” လို့ပြန်ဖြေတယ်။ “ ဘယ်သူသိတာ မှတ်လို့ကွာ” လို့ ပုဂ္ဂိုလ်ကြီးက သွေးတိုးစမ်းတဲ့ သဘောနဲ့ ပြောလိုက်တဲ့အခါ လက်သမားက “ ကျွန်တော်သိတယ်လေ” လို့ ရဲရဲဝင့်ဝင့် ဖြေလိုက်ပါတယ်။ ဟုတ်တယ်။ သူလုပ်တဲ့အလုပ်ဟာ သူရတဲ့လုပ်ခနဲ့ တန်တာ မတန်တာထက် လုပ်ပါ့မယ်လို့ တာဝန်ယူခဲ့ ပြီးပြီမို့ ကောင်းအောင်လုပ်ရတော့မှာ သူ့တာဝန်ပဲလို့ သူကခံယူပုံ ရပါတယ်။ သူ့အလုပ်ကို လုပ်ကိုင်ရာမှာလည်း ဘေးလူတွေမသိသည်ထား ၊ ကာယကံရှင်ဖြစ်သည့် သူကတော့ သိနေတာအမှန်ပါပဲ။
သူလုပ်ခဲတဲ့အလုပ်ဟာ အကြောင်းတစ်ခုခုကြောင့် ဆိုးကျိုးတွေ့ကြုံရတဲ့အခါ လက်ညှိုးထိုး အပြစ်ပြောခံရမှာကို သူမလိုလားပါဘူး။ သူ့အလုပ်ဟာ သူ့မှာတာဝန်ရှိတယ်။ဒါကို အလေးအနက်ထားတယ် ဆိုတာကို ဖော်ပြနေတယ်။လုပ်ရတဲ့အလုပ်နဲ့ ရတဲ့လုပ်ခဟာ ကွာဟမှု ရှိနိုင်ပါတယ်။ မတန်တဆ ဖြစ်နေနိုင်ပါတယ်။ ညီမျှမှု ကင်းမဲ့နေတတ်ပါတယ်။ ဒါတွေအားလုံးဟာ အလုပ်အပ်နှံသူ အလုပ်ရှင်ရဲ့ ဘက်ကကိစ္စ တွေပါ။ သူ့ကိစ္စမဟုတ်ပါဘူး။ သူ့ကိစ္စကတော့ သူလက်ခံဆောင်ရွက်ဖို့ တာဝန်ယူထားလိုက်တဲ့ အလုပ်အပေါ်မှာ အကောင်းဆုံး ဆောင်ရွက်လုပ်ကိုင် ပေးဖို့ပဲ ဖြစ်ပါလိမ့်မယ်။
ဒါဟာ လူနဲ့ လူ့အလုပ်ကို ခွဲခြမ်းစိတ်ဖြာရာမှာ အကောင်းဆုံးနဲ့ အမှန်ကန်ဆုံးလုပ်ရပ် တစ်ခုပဲ ဖြစ်ပါတယ်။ လူတွေဟာ သူတို့အလုပ်အပေါ်မှာ အမြင်နဲ့ သဘောထားတွေမတူနိုင်သလို ဆောင်ရွက်လုပ်ကိုင် ရာမှာလည်း ကွဲပြားသွားနိုင်ပါတယ်။ အလုပ်တစ်ခုကို တာဝန်ယူထားတဲ့ လူတစ်ယောက်ဟာ သူတာဝန်ယူလိုက်တဲ့ အလုပ်ကို အကောင်းဆုံး ဆောင်ရွက်လုပ်ကိုင်ခြင်းဟာ သူ့ရဲ့ အရည်အချင်းပဲ ဖြစ်ပါလိမ့်မယ်။
ဒီလိုပြောလို့ အလုပ်ရှင်ဘက်က ကောင်းကောင်းဆိုးဆိုး၊ ဦးဆွေးဆံမြေ့ ဒီအလုပ်ကို မဖြစ်မနေ လုပ်သွားရမယ်၊ဘ၀ တသက်တာလုပ်သွားရမယ်လို့ မပြောလိုပါဘူး။ အလုပ်ရှင်နဲ့ အလုပ်သမားမှာ နှစ်ဖက် သဘောတူညီထားတဲ့ စည်းမျဉ်း၊စည်းကမ်းတွေ ရှိတတ်တာမို့ အဲဒီအချိန်ကာလတွေ ကုန်ဆုံးတဲ့အထိဖြစ်ဖြစ်၊နှစ်ဖက်ပြေပြေလည်လည် လက်ပြနုတ်ဆက်ပြီး ခွဲခွာကြတာမျိုးပဲ ဖြစ်သင့်ပါတယ်။နှစ်ဖက်စလုံး အတွက် အဆင်အပြေဆုံး ၊ အကောင်းဆုံး ဖြစ်ရပါမယ်။မြန်မာတွေ ပြောလေ့ပြောထရှိတဲ့ “စိုသောလက် မခြောက်ရအောင်” သဘောပေါ့။
လက်သမားဆရာရဲ့ စံပြုစရာ အလုပ်အပေါ်မှာ တာဝန်ခံမှု၊ လူတွေနဲ့ သူတို့အလုပ်အပေါ် မတူညီတဲ့ သဘောထားအမြင်၊ ဒါတွေဟာ ခွဲခြားနားလည်နိုင်တဲ့ မတူညီတဲ့ “လူနဲ့ သူ့ရဲ့အလုပ်” ပဲဖြစ်ပါလိမ့်မယ်။



မူရင်း။ ။HR Journal အမှတ် (၁၄)
— with Soe Paing.

No comments:

Post a Comment