2.02.2013

အခြားတစ်ဖက်ခြမ်း

အခြားတစ်ဖက်ခြမ်း

ကမ္ဘာဦးလူဟာ မျက်နှာနှစ်ခု၊ လက်လေးဘက်၊ ခြေလေးချောင်းရှိတဲ့ သတ္တ၀ါဖြစ်တယ်တဲ့ဗျ။ အဲသည်လူရဲ့ ခန္ဓာကိုယ်က မတ်မတ်ရှိတယ်။ လုံးတယ်။ မျက်နှာတွေက အချင်းချင်းဆိုင်နေတယ်။ မျက်နှာချင်းဆိုင် ရှိတယ်ပေါ့ဗျာ။ လမ်းလျှောက်တဲ့အခါ လူဟာ မတ်မတ်လျှောက် ပေမယ့် ပြေးတဲ့အခါ လက်လေးဘက်ကို ထောက်ထောက်ပြီး သစ်တုံးလိမ့်သလို ပြေးတယ်။ အဲသည်လူဟာဗျာ ခွန်အားကြီးသလောက် အလိုရမ္မက်လည်း ကြီးတယ်။ နတ်တွေနေတဲ့ နေရာတက်ပြီး ထိုးစစ်ဆင်ဖို့လည်း ကြိုးစားတယ်။ အဲသည်လိုဆိုတော့ .....
နတ်တွေရဲ့ အကြီးအမှူးဖြစ်တဲ့ ဇု (Zeus) နတ်မင်းကြီးနဲ့ တခြားနတ်ဒေ၀ါတွေက လူကို ထိတ်လန့်ကြတယ်။ ကြောက်ကြတယ်။
ဒါနဲ့ နတ်သဘင် အစည်းအဝေးခေါ်ပြီး `လူ´ ကိစ္စကို ဆွေးနွေးပွဲ ကျင်းပကြတယ်။ အဲသည် အစည်းအဝေးမှာ နတ်အများအပြားက ဘယ်လို အကြံပြုသလဲ ဆိုတော့ လူသတ္တ၀ါတွေကို နတ်လက်နက်နဲ့ ပစ်သတ်ဖြိုခွင်းမယ်လို့ အကြံပြုကြတယ်။ တချို့ကတော့လည်း ဟာ ... ဘယ်သတ်ပစ်လို့ ဖြစ်မှာလဲ။ လူတွေကို အကုန်သတ်မစ်လိုက်ရင် နတ်ဒေ၀ါ ကျုပ်တို့ကို ပူဇော်ပသမယ့်သူတွေ မရှိကြတော့တဲ့ အဖြစ် ကို ရောက်သွားနိုင်တယ်။ ဒါကြောင့် အကုန်ပစ်သတ် ဖြိုခွင်းလို့တော့ မဖြစ်သေးဘူးလို့ဆိုတော့ ... ဇု (Zeus) နတ်မင်းကြီးနဲ့တကွ နတ်တွေက အပြန်ပြန်အလှန်လှန် တိုင်ပင်ဆွေးနွေးကြပြန်တယ်။ နောက်ဆုံးမှာ ဇုနတ်မင်းကြီးက ဘာပြောသလဲဆိုတော့ ...
နတ်အပေါင်းတို့ ငါတို့သည် လူသတ္တ၀ါတွေကို သတ်ဖို့မလို။ လူကိုအားနည်းအောင် ပြုလုပ်နိုင်လျှင် ငါတို့ကို အနှောင့်အယှက် ပေးနိုင်ကြ မည်မဟုတ်။ လူကို အားနည်းသွားအောင် မည်သို့ ပြုလုပ်ရမည်နည်း ဆိုလျှင် ...ခြေလေးချောင်း၊ မျက်နှာနှစ်ခု၊ လက်လေးဘက် ရှိနေသော လူ၏ ခန္ဓာကိုယ်ကို ထက်ခြမ်း ခွဲလိုက်ရန်သာ ဖြစ်သည်။ ထိုသို့ပြုလျှင် လူသတ္တ၀ါတွေလည်း မပျက်မစီးဖြစ်မည်။ ငါတို့လည်း
အေးချမ်းမည်။ ထိုမျှသာမကသေး လူဦးရေလည်း တိုးလာနိုင်မည်ဖြစ်သောကြောင့် ငါတို့သည် ယခင်ကထက်ပင် ပို၍ အပူဇော်အပသကို ခံကြရလိမ့်မည်။
လူသတ္တ၀ါတို့သည် ယခင်က ခြေလေးချောင်းထောက်၍ လမ်းလျှောက်နိုင်လျှင် ယခုအခါတွင် ခြေနှစ်ချောင်းသာ ထောက်၍ လမ်းလျှောက်စေရမည်။ နတ်မင်းကြီး ဇု (Zeus) က အဲသည်လို ပြောဆို မိန့်မြွက်ပြီးတော့ လူသတ္တ၀ါတွေရဲ့ ခန္ဓာကိုယ်ကို ထက်ခြမ်း ခွဲလိုက်တယ်။ ခွဲပစ်လိုက်တော့ လူဟာ အခုလို ခြေနှစ်ချောင်း၊ လက်နှစ်ချောင်း မျက်နှာတစ်ခုနဲ့ လူဖြစ်လာတာ ...။ လူတွေကို ထက်ခြမ်း ခွဲလိုက်တော့ လူတွေလည်း များသွားမှာပေါ့ဗျာ။
လူဟာ သူ့ဘ၀ သူ့ခန္ဓာကိုယ်က အခွဲခံလိုက်ရတဲ့ အခြမ်းကို သိပ်တွေ့ချင်တယ်။ တွေ့ဖို့ သိပ်တောင့်တတယ်။ ဒါကြောင့် သူ့ကိုယ်က အခွဲခံလိုက်ရတဲ့ အခြမ်းကို အမြဲလိုက်လံရှာဖွေနေတယ်။ ဟုတ်မှာပေါ့။ အခွဲခံလိုက်ရတဲ့ အခြမ်းကလည်း သူဆီကအခွဲခံရတဲ့ အခြမ်းကို ပြန်ပြီးတွေ့ချင်၊ ဆုံချင် မြင်ချင်မှာပေါ့။
သည်တော့ တစ်ဖက်က အခြမ်းကလည်း သူ့ဆီက အခွဲခံရတဲ့ အခြမ်းကို တွေ့အောင်ရှာနေမှာပါပဲ။ အမြဲရှာနေမှာပါပဲ။ရှာလို့ တွေ့ကြတဲ့ အခါမှာ တစ်ခြမ်းက အခြားတစ်ခြမ်းကို မခွဲနိုင်မခွာရက် ပွေ့ဖက်ထားကြတယ်။ ဒါကို ချစ်ခြင်းမေတ္တာလို့ ဆိုရမလားပဲ။
`စိတ်တူကိုယ်တူ´ ဆိုတဲ့ စကားလုံးကို အားလုံး ကြားဖူးကြမှာပါ။ ဆွေမတော် မျိုးမဆက်ဘဲ တစ်ယောက်နဲ့ တစ်ယောက်စိတ်ချင်းဆက် နေကြတယ် ဆိုရင်ကော ယုံလို့ရနိုင်မလား။ ကိုယ်က ဒီလို တွေးနေတဲ့ အချိန်မှာ သူကလည်း ကိုယ့်လိုလိုက်တွေးနေတယ် ဆိုတာကော ယုံတမ်းစကားများ ဖြစ်နေမလား။ ကိုယ်ကကြိုက်နှစ်သက်တဲ့ အရာဝတ္ထု အတော်များများဟာ တခြားလူတစ်ယောက်နဲ့ ဆင်တူနေတယ်
ဆိုတာကော ဖြစ်နိုင်ပါ့မလား။ ကိုယ့်ရဲ့ စိတ်ဓါတ် တစ်စိတ်တစ်ဒေသဟာ သူနဲ့ အတော်လေး ဆင်နေတယ် ဆိုရင်ကော အံသြကြမလား။ တကယ်လို့ လူနှစ်ယောက်ဟာ အဲဒီလောက် အဆင်တူနေမယ်၊ အတွေးတူနေမယ်၊ အမြင်တူနေမယ်၊ ယုံကြည်ချက်တူနေမယ်၊
အကြိုက်တူနေမယ်၊ မျှော်လင့်ချက်တူနေမယ် ဆိုရင် သိပ္ပံပညာရပ်နဲ့ ဘယ်လိုသက်သေပြမလဲ။ ဘယ်လို သက်သေပြမလဲလို့ စဉ်းစားမိတဲ့ အချိန်တိုင်းမှာ ကျနော် သတိရလိုက်တာ ခုနက ဂရိဒဏ္ဍာရီလေးပါ။ အကယ်၍ `သူမ´ ဟာ ကျနော်နဲ့ အဲဒီလိုလာတူနေမယ်ဆိုရင် ကျနော် နားလည်လိုက်တာက အဲဒီ `သူမ´ ဟာ ကျနော့် `အခြားတစ်ဖက်ခြမ်း´ ပါ။ My other half ပေါ့။ မြန်မာလို ရိုးရိုးရှင်းရှင်း ပြောရရင် ပါရမီ ဖြည့်ဖက်ပေါ့။ လူသန်းပေါင်းခြောက်ထောင်ကျော်ထဲက ခဲရခဲဆစ် ရှာတွေ့ခဲ့တဲ့ အဲဒီ `သူမ´ ကို ကျနော် တန်ဖိုးမထားဘဲ ဘယ်နေနိုင် မလဲဗျာ။
အားလုံးအတွက် ဆုတောင်းပေးလိုက်ပါတယ်။ မိမိရဲ့ `အခြားတစ်ဖက်ခြမ်း´ နဲ့အမြန်ဆုံး ဆုံဆည်းနိုင်ပါစေလို့ .........

No comments:

Post a Comment