2.05.2013

စေတနာ


လူဆိုတာ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုအတွက် တာဝန်အပြည့် ယူရဲရမယ် ...

"စေတနာသည် လူတိုင်းနဲ. မတန်" သည် မဟုတ် လူတိုင်းနဲ. တန်တဲ. စေတနာမျိုး ထားနိုင်ဖို.သာ လိုအပ်ပါတယ်။

ဆိုတဲ့ စကားရှိတယ် ... အဲဒါ တော်တော် လိုက်နာဖို့ ခက်ခဲတာပဲ .. ကိုယ်တိုင်လဲ ကျင့်သုံးနေပါတယ် ...

တော်တော်ကြိုးစားယူရပါတယ် ...

အဲဒါနဲ့ ပြောရအုန်းမယ် ...

ဖြစ်ပုံက ..

ဒီနေ့ အလုပ်ထဲမှာ ကျနော်တို့ Oven သုံးရတယ်လေ အလုပ်က အပူချိန်တော့များတာပေါ့နော် အဲမှာ

ကျနော်နဲ့ အလုပ်အတူလုပ်တဲ့ တစ်ယောက် အမြဲတမ်းစောပြန်လေ့ ရှိတယ် .. ကိုယ်တွေ ကတော့ ပင်တိုင် နောက်ကျနေပေါ့ ..

တနေ့ သူထည့်ထားခဲ့တဲ့ ပစ္စည်းတစ်ခုက အထဲမှာ ပြုတ်ကျနေတယ်လေ .. ပြုတ်ကျမှာပေါ့ သူ ထည့်ထားတာက မဆန့် တာကို အတင်းထည့်ထားတာကိုး ..

အဲဒါနဲ့ ကိုယ်က ထုတ်ရမဲ့ အချိန်ကြည့်လိုက်တော့

ဟာ ပစ္စည်းတစ်ခု ပြုတ်ကျနေတယ်ပေါ့ .. အဲဒါနဲ့ အထက် လူတွေကိုပြောပြီး ပြတာပေါ့ .. ဒါ ကျနော်မှားတာမဟုတ်ဘူးနော် ..

ကျနော် Oven ဖွင့်လိုက်တာနဲ့ အဲလို အဲလို ပဲပေါ့ ... အဲဒါနဲ့ ပြီးသွားရောတနေ့  .. ဒါနဲ့  .. နောက်နေ့ ကျတော့ ...

ကျနော့် အလုပ်ဖော်ကို ပြောတာပေါ့ မင်းမနေ့ တုန်းက Oven ထဲထည့်သွားတဲ့ ပစ္စည်းတစ်ခု ပြုတ်ကျနေတယ် နောက်မဖြစ်စေနဲ့ ပေါ့ဘာညာပြောတော့ ..

ကိုယ်တော်ချော ကဘာပြောတယ်ထင်လဲ .. ဟ ငါ ထည့်တုန်းက အတည့်အတိုင်းအပေါ်တင်ခဲ့တာပဲ ငါ့ အပြစ်မဟုတ်ဘူးတဲ့ ...

အဲမှာ ကျနော်ကလဲ စိတ်နဲနဲဆတ်တယ်ဆိုတော့ ဒေါသ က ထောင်းခနဲ ထသွားတယ် ...

စဉ်းစားကြည့်လေဗျာ .. ဘာလဲ ဒါဆို သူ့ အပြစ်မဟုတ်ဘူးဆိုတော့ ကျနော့် အပြစ်ပေါ့ .. ဟုတ်လား??

လွှတ်ခနဲ ပြောမလို့  .. မနည်းစိတ်ကို ထိန်းထားလိုက်ရတယ်ဗျာ .. မပြောဖြစ်ပါဘူး .. အမှန်က ပစ္စည်းကလဲ ဘာမှတော့ သိပ်မဖြစ်ပါဘူး ...

ဒါပေမယ့် ကိုယ်က စေတနာ နဲ့ မင်းနောက်ကို အဲလို အများကြိး ပြွတ်သိပ်မထည့်နဲ့ လို့ ပြောတာပါ .. အန္တရာယ်များတယ်ပေါ့ ..

ပစ္စည်းတွေက အနည်းဆုံး ၁ ခုကို ဒေါ်လာ ၁ သောင်းအထက်မှာရှိတယ်လေ ... ဒါကြောင့် သတိထားဖို့ ပြောတာကိုပဲ ..

သူက ဒေါသတကြီးနဲ့ .. အဲလို ပြန်ပြောတာကိုး ...

ဒါနဲ့ ကျနော်လဲ တိုနေတဲ့ စိတ်ကို မနည်းပြန်လျှော့ထားရတယ် ...ပြီးတော့ တွေးတယ် ...



"စေတနာသည် လူတိုင်းနဲ. မတန်" သည် မဟုတ် လူတိုင်းနဲ. တန်တဲ. စေတနာမျိုး ထားနိုင်ဖို.သာ လိုအပ်ပါတယ်။

ဒါနဲ့ ဘာမှပြန်မပြောပဲ ဒီ လူ့ ကိုမေတ္တာများများပဲ ပို့ တာပဲ စိတ်ထဲမှာ .. ကျန်းမာပါစေ ချမ်းသာပါစေပေါ့ ...

ဒေါသတော့ တော်တော်ထွက်တာပေါ့ ... စိတ်မနည်းပြန်လျှော့ရတယ် .. အထက်ကလဲ သိနေတော့ ကျနော်လဲမပြောတော့ပါဘူး ...

အဲမှာပြောချင်တာ က ...



"စေတနာသည် လူတိုင်းနဲ. မတန်" သည် မဟုတ် လူတိုင်းနဲ. တန်တဲ. စေတနာမျိုး ထားနိုင်ဖို.သာ လိုအပ်ပါတယ်။ စကားဟာ မနည်းကျင့်သုံးရတယ်ဗျ ..
တခါတခါ အဲလိုတွေ ဖြစ်တတ်ပါတယ် ... .ဘာပဲပြောပြောဗျာ စေတနာ ပဲထားလိုက်ပါတယ် ... မပြောတော့ဘူး ...

တချို့လူတွေက ပြောတယ် အဲဒါ စေတနာနဲ့ မတန်ဘူးတဲ့ ဟုတ်တယ်ကျနော်လဲ ဟိုးအရင်တုန်းက အဲလိုပဲ တွေးဖူးတယ် ...

ဒါပေမယ့် မှားတယ်ဗျ ... အဲလို မတွေးရဘူး .. အဲလို ဖြစ်လာတိုင်းတွေးရမှာက



"စေတနာသည် လူတိုင်းနဲ. မတန်" သည် မဟုတ် လူတိုင်းနဲ. တန်တဲ. စေတနာမျိုး ထားနိုင်ဖို.သာ လိုအပ်ပါတယ်။

ဆိုတာပဲဖြစ်ပါတယ် ...

ဒါတွေ ထားပါတော့ ... လူဆိုတာကိုယ်လုပ်တာ တစ်ခုအတွက် တာဝန်အပြည့်ယူနိုင်ရမယ် ..

အထက်က လူကိုကြည့်ပါ ... စာဖတ်သူတွေပဲ စဉ်းစားကြည့်အထက်က ကိစ္စမျိုးဆိုတာ ကိုယ်လုပ်ပြီး ပြီးသွားပြီဆိုပြီး ဖြစ်မနေဘူးလား ..

ကျနော်အလုပ်တွေ လုပ်ဖူးပါတယ် .. အလုပ်တိုင်းမှာ ကျနော့် လုပ်ရပ်အတွက် တာဝန်အပြည့်ယူရဲတယ် ...

အမှန်တော့ လူဆိုတာ လုပ်ရဲရင်ခံရဲရတယ် .. လူပဲဗျာ အမှားတော့ ဘယ်ကင်းမလဲ .. ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခုက မှားချင်လဲမှားနေမယ်ဗျာ မဟုတ်ဘူး ..

အဲမှာ အမှားကို သိရင် ဝန်ခံရဲရမယ် နောက် အဲဒီ အမှားအတွက် တာဝန်ယူရဲရမယ် .. အထက် က လူလို မလုပ်သင့်ဘူး ...

ကျနော် ဒီ လူ့ ကိုအပြစ်ပြောတာလဲ မဟုတ်ပါဘူး ... ပြောချင်တာလေး က ကိုယ်ဘာပဲလုပ်လုပ် ကိုယ်လုပ်ခဲ့တဲ့ အလုပ်အတွက် တာဝန်အပြည့်ယူရဲရမယ် ...

ကျနော် အလုပ် ၆ မျိုးလောက် လုပ်ဖူးပါတယ် ... အလုပ်လျှောက်တိုင်း ခေါ်ပါတယ် .. ကျနော့် ပညာအရည်အချင်းကြောင့်လို့ မထင်နဲ့ မဟုတ်ဘူးနော် ..

ကျနော် အလုပ်လျှောက်တိုင်းမှာ လျှောက်လွှာအောက်ဆုံးမှာ - ကျနော်လုပ်သမျှ အားလုံးအတွက် တာဝန်အပြည့်အဝ ယူပါသည် လို့ ထည့်ထားလို့ ပဲဖြစ်ပါတယ် ...

အပြောနဲ့ အလုပ်လဲ ညီပါတယ် ... တနေ့ အင်တာဗျူးမှာ .. မင်း အရည်အချင်း တော့ သိပ်မမှီဘူး ဒါပေမဲ့ မင်းရဲ့ - ကျနော်လုပ်သမျှ အားလုံးအတွက် တာဝန်အပြည့်အဝ ယူပါသည်

ဆိုတဲ့ စာသားကြောင့်မင်းကို အလုပ်ခန့် လိုက်မယ် တဲ့ ..

ကဲ အဲဒါပဲ ... ဒီမှာ ပြောချင်တာလေး ၂ ခုရှိပါတယ် ...

ကျနော် ဒီလူ့ ကိုစိတ်ဆိုးလို့ ဒီစာလေး ရေးနေတာမဟုတ်ပါဘူး .. တကယ့်အဖြစ်အပျက်လေးကို ဥပမာ ပေးတာပါ ...

ဒီစာလေးကို ဖတ်ပြီး အမှားတွေ မလုပ်မိစေဖို့ ပါ .. နောက်ပြီး စေတနာ ဆိုတာ လူတိုင်းနဲ့ တန်ပါတယ် ...

စေတနာ စော်ကားတယ်ဆိုလဲ တန်ပါတယ် ...သူ့ ဘက်က ဘယ်လိုပဲ တုန့် ပြန် တုန့် ပြန် ကိုယ်ဘက်က ဖြူစင်တဲ့ စေတနာပဲလိုတာပါ ....

၁ - "စေတနာသည် လူတိုင်းနဲ. မတန်" သည် မဟုတ် လူတိုင်းနဲ. တန်တဲ. စေတနာမျိုး ထားနိုင်ဖို.သာ လိုအပ်ပါတယ်။

၂ - လူဆိုတာ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုအတွက် တာဝန်အပြည့် ယူရဲရမယ် ...

ကျနော့် အလုပ်က အတွေ့ အကြုံလေး တစ်ခုဖြစ်ပါတယ် .... ကိုယ်တွေ့ ပါ ....

တခါတခါ လူတွေက စေတနာ နဲ့ မတန်ဘူးလို့ တွေးမိတိုင်း

"စေတနာသည် လူတိုင်းနဲ. မတန်" သည် မဟုတ် လူတိုင်းနဲ. တန်တဲ. စေတနာမျိုး ထားနိုင်ဖို.သာ လိုအပ်ပါတယ်။ လို့  တွေးကြည့်စေချင်ပါတယ် ..

နောက် ကိုယ်လုပ်တဲ့ အလုပ်တစ်ခုအတွက် ကိုယ် အပြည့်အဝ တာဝန်ယူနိုင်ရမယ် ....

သူများတွေလို ကိုယ်လုပ်တာ သူများ တာဝန်ယူရမယ်ဆိုတဲ့ စိတ်မျိုးမရှိသင့်ဘူး .. အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ဆိုရင်

ဒီ စိတ်ဓါတ်လေး က အရေးကြီးပါတယ် ..

2.03.2013

အတွေးနှင့် အတွက်

ကုန်ရောင်းကုန်ဝယ် အလုပ်လုပ်သည့် ကုန်သည်ကြီး နှစ်ဦးရှိ၏။ သူတို့ နှစ်ဦးမှာ အလွန်ခင်မင်၍ လုပ်ဖော်ကိုင်ဖက် စီးပွားပြိုင်ဖက်များလည်း ဖြစ်သည်။ တစ်ဦးသည် မုတ်ဆိတ်မွေး အရှည်ထားလေ့ ရှိ၍ အခြား တစ်ဦးက မုတ်ဆိတ်မွေး ထားခြင်းကို မနှစ်သက်ပေ။ နှစ်ဦးစလုံးသည် ဥာဏ်ကောင်းကြသည်။ အတွေးကောင်းကြ၏။ အတွက်အချက်လည်း တော်ကြသည်။ တစ်နေ့တွင် မုတ်ဆိတ်မရှိသော ကုန်သည်သည် မုတ်ဆိတ်ရှိသော ကုန်သည်အား “ မင်းရဲ့ မုတ်ဆိတ်အား ငါ့ကိုရောင်းမလား” ဟု မေးသည်။ မုတ်ဆိတ်ပိုင်ရှင်က လောဘကြီးသူဖြစ်၍ “ ငါ့စိတ်ကြိုက် ဈေးပေးရင် ရောင်းမယ်” ဟု ပြောကြားလေသည်။ ထိုအခါ မိတ်ဆွေကုန်သည်က “ ကဲ ဒါဆိုရင်လည်း ယူကွာ ” ဟုဆိုကာ မိတ်ဆွေ ကုန်သည်က ထုတ်ပေးလိုက်သည်။ မုတ်ဆိတ်ပိုင်ရှင် ကုန်သည်က “ ဒါဆို မင်းမုတ်ဆိတ်ကို ဖြတ်ယူတော့လေ” ဟု ဆိုသောအခါ မိတ်ဆွေကုန်သည်က “ ငါ့မုတ်ဆိတ် ငါလိုချင်တဲ့ အချိန်မှ ယူမယ်ကွာ ခုတော့ မင်းမေးစေ့မှာ ခဏထားအုံး ” ဟု ပြောလေသည်။ မုတ်ဆိတ်ပိုင်ရှင် ကုန်သည်က အချောင် ငွေငါးဆယ် ရသည်ဟု ဆိုကာ ပျော်နေလေသည်။ သို့သော် သူထင်သည့် အတိုင်း ဖြစ်မလာခဲ့ပေ။ နောက်တစ်နေ့မှစ၍ ရောင်းမိသော မုတ်ဆိတ်မွေးကြောင့် မုတ်ဆိတ်ပိုင်ရှင် ကုန်သည် စိတ်သောက ရောက်နေလေသည်။ အိပ်ပျော်နေသော အခါနှင့် စာဖတ်နေသော အခါများတွင် မိတ်ဆွေကုန်သည်က မုတ်ဆိတ်မွေးကို လာ၍ ဆွဲသည်။ “ အား … ဘာလုပ်တာလဲ” ဟု မေးသောအခါ “ ငါဝယ်ထားတဲ့ မုတ်ဆိတ် ငါကိုင်တာပါကွာ ဘာဖြစ်လဲ” ဟုပြောလေသည်။ အစားအသောက် စားသော အခါတွင်လည်း မုတ်ဆိတ်ကို လာ၍ အကိုင်ခံရ၍ ကောင်းကောင်းမစားရပေ။ ရိတ်၍ပေးမည် ဆိုသော အခါတွင်လည်း မယူသေးဟု ဆိုသောကြောင့် မုတ်ဆိတ်ပိုင်ရှင်မှာ အခက်တွေ့နေလေသည်။ “ အင်း … ငါ့အတွေးနဲ့ အတွက်တော့ မှားပြီ ဒုက္ခဘဲ ဒီကောင်ဆီက ငါ့မုတ်ဆိတ်ကို ငါပိုင်အောင် ပြန်ဝယ်မှ ဖြစ်မယ်” မုတ်ဆိတ်ပိုင်ရှင်မှာ ထိုသို့ တွေးမိကာ မိတ်ဆွေကုန်သည်ကို တောင်းပန်စကား ဆိုရတော့သည်။ “ ငါ့မုတ်ဆိတ်ကို ငါ့ကို ပြန်ရောင်းပါတော့ကွာ” ထိုအခါ မိတ်ဆွေကုန်သည်က “ ငါ့ ကြိုက်ဈေးရရင် ရောင်းမယ်” ဟုပြောလေသည်။ ကြိုက်ဈေးကို မေးသောအခါ ဒေါ်လာ ငါးရာ ရမှ ရောင်းမည် ဆိုသော ကြောင့် အအိပ်ပျက် အစားပျက် ဖြစ်နေသော မုတ်ဆိတ်ပိုင်ရှင်မှာ ဒေါ်လာ ငါးဆယ် အချောင်လိုချင်မှုကြောင့် ဒေါ်လာ လေးရာ့ငါးဆယ် ဆုံးရှုံးရလေတော့သည်။


ဒီအဖြစ်အပျက်လေးက အလုပ်တစ်ခုကို မလုပ်ကိုင်မီ ဆောင်ရွက်မည့် အလုပ်မှ ဖြစ်ပေါ်လာမည့် အကျိုးအမြတ် အပြင် အခြား ဖြစ်နိုင်ချေ သဘာဝ တရားများကို စနစ်ကျကျ တွေးတော မျှော်မြင်တတ်ဖို့ လိုအပ်ပါသည်။ တွေးခေါ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်အလက်နှင့် အခြေအနေ ပြည့်စုံဖို့ လိုပါသည်။ အတွေးနှင့် အတွက် မှားယွင်းပါက ဆုံးရှုံးဒုက္ခ ရောက်ရပုံကို ဖော်ညွန်းထားခြင်း ဖြစ်သည်။

ပုံပြင်လေးတစ်ပုဒ်ပါ။


ပုံပြင်လေးတစ်ပုဒ်ပါ။
သူဋ္ဌေးကြီးတစ်ယောက် မြစ်ကြီးကို သဗ္ဗာန်နဲ့ဖြတ်ဖို့ ငှက်ဆိပ်ကို ဆင်းလာပါတယ်။
(အိပဲ့၊ အိပဲ့ ငှက်သဗ္ဗာန်ခတ်သွားတယ်ဆိုပြီး ရေချိုးဆိပ်သီချင်းမှာတောင် ပါတယ်လေ။)
“ဟိတ်ကောင် ငါ့ကိုလာတွဲဦး။ ရေထဲပြုတ်ကျလို့ ငါ့အဖိုးတန် အဝတ်အစားတွေ ရေစိုကုန်ရင် မလွယ်ဘူး”
“ဟုတ်ကဲ့”
ဒီလိုနဲ့ သမ္ဗန်ပေါ်မှာ သူဌေးကြီးကိုတင်ပြီး ငှက်ခတ်လာတယ်။
“အခု တစ်နေ့ ဘယ်လောက်ရတုံး”
“အမှန်မရှိပါဘူး။ သူဌေးကြီးရယ်။ တစ်ကျပ်ရ ငါးမူးရနဲ့”
“ဝင်ငွေ ဘာမှမရပါလား။ တယ်ညံ့သကိုး”
ခဏနေပြန်တော့ …
“မင်းမှာ အိမ်ရောရှိရဲ့လား”
“မရှိပါဘူး။ သူဌေးကြီးရယ်၊ ဟိုသောင်ခုံကတဲမှာနေတာ”
“အိမ်ကလေးတစ်လုံးတောင် မရှိတဲ့ကောင်၊ တယ်ညံ့သကိုး”
ဒီလိုနဲ့ သူဌေးကြီးက သမ္ဗန်သမားမှာ မရှိတာတွေကို မေးလိုက်၊ တယ်ညံ့သကိုးဆိုလိုက်နဲ့ မြစ်လယ် ရောက်လာတယ်။
အဲဒီမှာတင် ရုတ်တရက် မိုးမှောင်ကျလာပြီး လေပြင်းအတိုက် လှိုင်းအရိုက်မှာ သမ္ဗန်မှောက်ပါရော။
“ဟိတ်ကောင်၊ ငါရေမကူးတတ်ဘူးကွ၊ ငါ့ကို ဆယ်ပါဦး”
“ရေလေးတောင် မကူးတတ်တဲ့ သူဌေးကြီး၊ တယ်ညံ့သကိုး”
ပြောပြောဆိုဆိုနဲ့ သမ္ဗန်သမားဟာ ရေကူးပြီး ထွက်သွားပါရော … ။

“ ပိုင်ဆိုင်မှုတွေ များသထက် များပြားလာချိန်မှာ
ကိုယ်ချင်းစာတရားတွေ ခေါင်းပါးလာတယ်။
ဂရုဏာတရားတွေ ပျောက်ကွယ်လာတယ်။
သံသယမျက်လုံးတွေနဲ့ ကြည့်တတ်လာတယ်။
ပုံမှန်ဆက်ဆံရေးတွေ ကွယ်ပျောက်လာတယ်။ ”

19.05.2011 ကြာသပတေးနေ့ထုတ် BiWeeklyEleven ဂျာနယ်
မောင်စံပေါ ရေးသားသော အဖိုးတန်ပစ္စည်းနှင့် အဖိုးမတန်သောလူ ဆောင်းပါးမှ …

စာဖတ်တတ်ရဲ့လား.....ဟုမေးလျှင်

စာဖတ်တတ်ရဲ့လား.....ဟုမေးလျှင်

စာဖတ်တတ်ရဲ့လား..... ဟုမေးလျှင်
ဟာ....ဖတ်တတ်တာ ပေါ့ ဟု ဆိုကြပေလိမ့်မည်။ ဟိုက်စကူးမှ ဘီအေ၊ အမ်အေ အောင်သူတို့အား ဤမေးခွန်း မေးမိပါမူ မေးသူကို အမေးခံရသူက ရိုက်ပစ်လိုက်ချင်ပေလိမ့်မည် ။ စာဖတ်တတ်လျှင် စာဖတ်တတ်သည်ဟု သာမန်အားဖြင့် ဆိုနိုင်စေကာမူ စာဖတ်တတ်ဖို့ကား လိုပေသေးသည်။ စာတတ်တိုင်း စာဖတ်တတ်သည် ဟု မဆိုသာပေ။ အတန်းစာဖတ်၍ စာမေးပွဲ အသီးသီး အောင်မြင်သော်လည်း စာဖတ်ဖို့ လိုသေးသည် ဟု ဆိုရမည် မှာ အတော်ပင် အားနားစရာကောင်းလှ၏။ စာပေက မိမိအား ဘ၀အကျိုးပေး မွန်မြတ်အောင် အကျိုးပြုပါမှ စာဖတ်တတ်သည် ဟု ခေါ်ချင်ပါသည်။

အကျိုးပြုသော စာပေကို ရွေးချယ် ဖတ်တတ်မှသာလျှင် စာဖတ်တတ်သည် ဟု ဆိုနိုင်ပါလိမ့်မည်။
စာကို အပျင်းပြေသဘောမျိုးနှင့်သာ အဖတ်များကြသဖြင့် ပြောရမှာ ခက်လှပါသည်။ စာကိုဗဟုသုတ ပွားရန်ဖတ်ခြင်းကိုပင် စာဖတ်တတ်သည်ဟု မခေါ်ချင်လှသေးပါ။ စာကိုဖတ်၍ မိမိ၏ ဘ၀၌ ထူးကဲသောအကျိုးများ ခံစားရပါမှ စာဖတ်ရကျိုး နပ်ပေမည်။

ထိုစာမျိုးကိုဖတ်မိအောင် ရှာဖွေကြိုးပမ်း၍ ဖတ်မှသာလျှင် စာဖတ်တတ်သည်ဟု ခေါ်ပါရစေ။
အချို့သော ပုဂ္ဂိုလ်တို့သည်စာကို စနစ်တကျ ဖတ်ကြသည်။ ပညာရပ် အသီးသီး တို့ကို တစ်ခုပြီး တစ်ခု တတ်နိုင်သလောက် အကုန်အစင် ဖတ်ကြသည်။ ဥပမာ အရှေ့တိုင်း ဒသနိကဗေဒ ကို ကျကျနနသိအောင် ထိုပညာရပ်နှင့် ပတ်သက်သည့် စာအုပ်များကို စုဆောင်း၍ ပြီးအောင် ဖတ်ပစ်လိုက်သည်။ မှတ်စုမှတ်ရာများထုတ်၍ ပြန်လည်သုံးသပ်သည်။
ယင်းသို့ ဖတ်ခြင်းသည် ကောင်းပါ၏။ ပညာဗဟုသုတ ရှားမှီးရုံသာ ဖြစ်သဖြင့် မိမိ၏ဘ၀၌ သာမန်အကျိုးများကိုသာ ပေးနိုင်စွမ်းသည်။
ပညာရှိ တစ်ဦးဖြစ်ရန် အကြောင်းလမ်းများ ရှိသဖြင့် လောက၌ အကျိုးဖြစ်ထွန်းသည် ဟု ဆိုနိုင်ပါသည်။ သို့ရာတွင် သူ့ဘ၀ အကျိုးကျေးဇူးမျိုးကို ပေးနိုင်ဖို့ ခဲယဉ်းသည်ဟု ဆိုချင်ပါသည်။
စာပေကို ပညာရပ်အဖြစ် ဖတ်ရှုလေ့လာခြင်းသည် စာပေပညာရှိကြီး တစ်ဦး ဖြစ်ဖို့ အကြောင်းလမ်း ပေါ်ရုံမျှသာဖြစ်သည်။ ဘ၀ အကျိုးပေး ကောင်းမွန်စေနိုင်သည် ဟု မဆိုသာပေ။

ဥပမာအားဖြင့် ငယ်စဉ်က အင်္ဂလိပ်ဆန်ပြီး မာနတက်နေခဲ့သော ဂန္ဓီသည် အာဖရိကပြည်၌ ၀တ်လုံလိုက်နေစဉ် မီးရထားပေါ်တွင် အင်္ဂလိပ်ပညာရှိ စာရေးကြီး ရွတ်ရပ်စကင်း၏ ( Unto This Last ) စာအုပ်ကို ဖတ်သဖြင့် သူ၏ ဘ၀ အခြေအနေနှင့် လမ်းစဉ်သည် သိသိသာသာကြီး ပြောင်းလဲသွားလေသည်။
ဂန္ဒီသည် ထိုစာအုပ်ကို မဖတ်ရသေးခင် အခြားအခြားသော စာအုပ်များကို ဖတ်ရာ၌ ဆင်ခြင်သုံးသပ်မှု အစဉ်ပြုခဲ့သည်...။
သို့ ရာတွင် ထိုစာအုပ်နှင့်ကြုံကာမှ စက်ခလုတ်နှိပ်လိုက်သကဲ့သို့  ရုတ်တရက် ဘ၀လမ်းကြောင်း ပြောင်းသွားတော့သည်...။
စင်စစ် ထိုစာအုပ်တစ်အုပ်တည်းက ဂန္ဒီ၏ဘ၀လမ်းကြောင်းကို ပြောင်းစေသလော....။
မဟုတ်နိုင်ပေ...။ ထိုစာအုပ်သည် စက်ခလုတ်ပမာမျှသာဖြစ်သည် ။ အစကတည်းက ဂန္ဒီ၏ဆင်ခြင်သုံးသပ်မှုအလေ့သည် သူ့ ဘ၀လမ်းကြောင်းပြောင်းလဲရန် စက်ယန္တရား ဆင်ထားခြင်းပင်ဖြစ်၏...။ ပုံပမာနှိုင်းရလျှင် ဘ၀အစဉ်အဆက်က ဆည်းပူးလာရသော ပါရမီအရှိန်ကြောင့် နောက်ဆုံးဘ၀၌ အချက်ကလေးတစ်ခု ပေါ်လိုက်ရုံနှင့် ရုတ်တရက် အကျွတ်တရားရသကဲ့သို့ ပင်...။
စာဖတ်ရာ၌ စာတွင်ပါရှိသော အကြောင်းအရာများကို မှတ်သားသည်ထက် မပါသော ၊မဖော်ပြသော အတွင်းခံ အဓိပ္ပါယ်ရှိမရှိကို စူးစမ်းရှာဖွေ၍ ရှိလျှင် ထိုအတွင်းအဓိပ္ပါယ်ကို ဆင်ခြင်သုံးသပ်ရပေမည်...။
အင်္ဂလိပ်ကဗျာဆရာကြီး ၀ပ်ဒ်ဝပ်က ကဗျာတစ်ပုဒ်ကိုဖတ်တတ်ခြင်းသည် ရေးတတ်ခြင်းထက်ပင် ခက်ခဲလှသည်ဟု ဆိုဖူးလေသည် ။
စာကို အပျင်းပြေ အပျော်တမ်းဖတ်သူတို့ ကို မဆိုလိုပါ ။ အပျော်တမ်းဖတ်ချင် ဖတ်ကြပါ...။ အပျော်တမ်းမျှပင် မဖတ်ချင်ဘူးဟု ဆိုကာ စာအုပ်များကို လွှင့်ပစ်ချင် လွှင့်ပစ်ကြပါ...။ စာဖတ်ရန် မည်သူကမျှ အတင်းအကြပ် တိုက်တွန်း၍ မရပါ...။
ဆရာက ဘာတွေလျှောက်ရေးနေတာလဲ...။
ရယ်စရာတွေ ၊ပျော်စရာတွေ ရေးစမ်းပါ...။
ကျွန်မတို့ တော့ စာဖတ်တာ ပျော်ချင်လို့ ပဲ.........ဟု ဘီအေအောင်ပြီးသော မိန်းမပျိုတစ်ယောက်က ကျွန်တော့်ကို ပြောဖူးသည်.။
မကြာခင်ကပင် စာအုပ်ဆိုင်တစ်ဆိုင်တွင် ကျွန်တော်တို့ နှင့် ကျောင်းနေဘက် ဘီအေ၊ ဘီအီးဒီအောင်ပြီး ကျောင်းဆရာမ တစ်ယောက်နှင့်တွေ့ ရာ သူက စာမဖတ်ရလျှင် အိပ်မပျော်ဟု ဆိုသည်..။ ကျွန်တော်က ဘာစာတွေ ဖတ်သလဲဟု မေးသောအခါ သူက စုံထောက်ဝတ္ထုများ နှင့် အချစ်ဝတ္ထုများကို ဖတ်တယ်ဟု ဆိုသည်...။
စာကို ရွှင်ဆေးအဖြစ်နှင့်သော်လည်းကောင်း ၊ အိပ်ဆေးအဖြစ်နှင့်သော်လည်းကောင်း ၊ ဖတ်ရှုသုံးဆောင်နေသော များစွာသော စာဖတ်ပရိသတ်အား ဖတ်ကြပါ...။ ဖတ်ချင်ရာဖတ်ကြပါ.. ဟုသာ ဆိုပါရစေ...။
စာကို လေးလေးနက်နက် သဘောထား၍ ဖတ်ချင်သော လူနည်းစုကလေးကိုသာ ကျွန်တော်ဦးတည်၍ ဆိုပါရစေ.....။
ဝတ္ထုပင်ဖြစ်စေ.. ၊ ကဗျာပင်ဖြစ်စေ...၊ ဆောင်းပါးပင် ဖြစ်စေ...၊ ဖတ်လိုရာကို ဖတ်ပါ..။
ဖတ်ရာ၌ မိမိကိုယ်တိုင် တွေးခေါ်ဆင်ခြင်နိုင်အောင် ကြိုးပမ်းဖို့ လိုပါသည်...။ ၀တ္ထုတစ်ပုဒ်ဖတ်လျှင် ၀တ္ထုဆုံးသည်နှင့်တစ်ပြိုင်နက်
သင်၏ အတွေးစပါ ဟု ဆရာတစ်ယောက်က သြ၀ါဒ ပေးခဲ့ဖူးသည်...။ အအိပ်၏အရသာသည် နိုးကာမှပေါ်ပါသည် ၊ ၀တ္ထု၏ အရသာသည်ဝတ္ထုအပြီးတွင်မှ ပေါ်ရပေမည်...။
ဒီဝတ္ထု သိပ်ကောင်းတာပဲ ၊ လက်က ချလို့ တောင် မရဘူး ဟူသော စကားမျိုးကို ကြားဖူးကြပေမည်....။
မိမိတို့ ကိုယ်တိုင်ပင် ပြောကောင်းပြောဖူးကြပေမည်...။
ထိုသို့ သော လက်ကချ၍မရနိုင်လောက်အောင်စွဲသော ၀တ္ထုမျိုးနှင့် ပတ်သက်၍ အင်္ဂလိပ်ဝတ္ထုရေးဆရာကြီး အိပ်ခ်ျဂျီဝဲလ် က ဖတ်မိလျှင် မပြီးမချင်း တစ်ထိုင်တည်းနှင့် ဖတ်ပစ်လိုက်စေသော ၀တ္ထုမျိုးမှာ အိပ်မက်နှင့်တူသည်...။ အိပ်မက်သည် အိပ်နေခိုက်သာ ရင်တဖိုဖို ဖြစ်သည်...။ နိုးသည်နှင့်တစ်ပြိုင်နက် ပျောက်ပျက်သွားသည်...ဟု ဆိုလေသည်...။
စာဖတ်ရာ၌ ဘ၀၏ရင့်သန်မှုကို ဖြစ်စေလေအောင် ဆင်ခြင်မှု ၊သုံးသပ်မှုကို အရင်းပြုအပ်သည်ဟု ထင်မိပါသည်...။
စာဖတ်ပါရမီ မဖြည့်ဆည်းဘဲ အပျော်ဖတ်သဘောမျိုးသည် အစ၌ ကောင်းပါ၏ ။ စာဖတ်တတ်ကာစ၌ အပေါ်ယံစိတ်ဝင်စားမှုကို အခြေတည်ရမည် ..။ သို့ ရာတွင် ဖတ်ပြီးလျှင် တွေးတောဆင်ခြင်ရန် အလေ့အကျင့်ပြုအပ်လှပေသည်...
တွေးတောမှု ဆိုသည်မှာ မွေးကတည်းက ပါလာသော အရာမဟုတ်...။ တွေးတောဆင်ခြင်မှု ပြုတတ်သည့်အခါ စာ၏အရသာသည် ပိုမိုလာပေလိမ့်မည်...။ အပျော်တမ်းဖတ်ခြင်းသည် ပျင်းရိငြီးငွေ့ ခြင်း၌ စခန်းရပ်ရန်သာရှိသည်...။
လေးနက်စွာ ဖတ်ခြင်းသည်ကား အခါမလင့် မွေ့ လျော်ဖွယ်သာ ဖြစ်ပေသည်....။


ဆရာတက်တိုး


လပြည့်ဝန်း (သာစည်)
ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း

လူတိုင်း စိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက
တတ်နိုင်သလောက် ကြိုတင် ကာကွယ်တဲ့ နည်းပါပဲ။

• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊
ကပ်ပြီးမှပြောရင် ပြင်ဆင်ချိန် မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တို
တတ်တယ်။

• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ
ကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။

• ကတိအကြွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို
လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှ မတည်နိုင်တဲ့အခါ စိတ်ဆင်းရဲရတယ်၊
စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့ အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။

• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။


• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက် အောင်စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်းတယ်။ ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့ သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။

• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျရင်လုပ်ဖြစ်အောင် အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊ နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲသက်သာပါတယ်။

• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက်
သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်
နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။

• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်
တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ
စိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊
စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကို
မြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့
စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို
မြင်သာတဲ့နေရာမှာ ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး
ဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့ မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊ ဝေးလေးကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။
ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။

• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင်လုပ်ပါ။

• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက
အကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေ
ကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့
မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။

• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်
မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို
မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို
အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်
ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ
ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို
သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲ
အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ
မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထား
ကြီးကြီး ထားဖို့လိုတယ်။

• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများ
များနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ
နဲမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင်
တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။
မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကို
ဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင်
ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။
ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ
ကိုယ့်အခက်အခဲကိုနာလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို
သေသေချာချာစဉ်းစားပါ။

• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး
ဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။
အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။
မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် ``အရင်လိုရင်
အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ
လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။

• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။
ကိုယ့်ကိုသဘောကျအောင် ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊
ဘယ်လိုအခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။
ကိုယ်ကို အင်မတန်သဘောကောင်း တယ်လို့မြင်စေချင်လို့
ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီး
တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်း
ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့
အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ
ယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။
ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။

• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။
ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ
တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ
အရေးမကြီးတာတွေကို ကိုသိတိုင်းလည်း မပြောသင့်ဘူး။
မေးတိုင်းလည်းမဖြေသင့်ဘူး။

• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင်
စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။
နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။
စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊
သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။

• ဘယ်အလုပါမျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။
ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။
ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။
ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။ ဆရာဝန်အလုပ်လည်း
စိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့
ရင်ဆိုင်တိုက်ပွဲလို ဖြစ်နေတဲ့အခါမှာ တော်တော်ပင်ပန်းပါတယ်။ လူနာက
အားကိုး တကြီးနဲ့ကြည့်တဲ့ မျက်လုံရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ
ပြင်းထန်တဲ့ ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း
စိတ်ရှည်ဖို့လိုပါတယ်။ စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ
ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော်
သနားစရာကောင်းပါတယ်။ ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ
သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့
ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။

• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။
လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက
အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊
စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး
ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့
ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့
ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ
စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ
နှလုံးသွင်းပါ။လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။
သူတို့ကိုနားလည်ဖို့ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊
ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ
တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။ တစ်ယောက်
ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက်
နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင်
မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး
အဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။
သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့
ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ်။
သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို
မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုချင်စာပါတယ်
ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို
တစ်ယောက်ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့
တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ
အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။
ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။

ကနဦးစွာ ဆရာတော် ပြောပြဆုံးမသည့်အတိုင်း လိုက်နာကျင့်သုံးကြည့်တော့
ကျွန်တော်ရင်ထဲ အတော်ပေါ့သွားပါတယ်။ ဒီစာလေးကို ၇ခေါက်၈ခေါက် ဖတ်လိုက်တယ်
အမြဲမှတ်မိနေအောင်ပါ။ ဒေါသတရား ဖြစ်လာမယ့်စိတ်ကို ချုပ်ထိန်းနိုင်ပါတယ်။
ဒါလက်တွေ့ပါပဲ။ လောကီအတွက်ပါ အကြိုးပေးတဲ့ ဆုံးမသြ၀ါဒပါ။
ဝိပဿနာတရားတွေကို အမြဲရှုပွားနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဆရာတော်ရဲ့
သြ၀ါဒက ချက်ချင်းစိတ်ကို ငြိမ်းချမ်းစေနိုင်ပါတယ်။
စိတ်ကလေးကြည်လင်နေတဲ့အခါ ခန္ဓာဉာဏ်ရောက်တရားများကို
အားစိုက်နာကြည့်လိုက်ပါ။ ဒါမမဟုတ် ၀ိပဿနာတရားအားထုတ်ကြည့်ပါ။ အင်မတန်ကို
ချမ်းသာသုခ ရနေတဲ့အချိန်ပါ။ ဓမ္မမိတ်ဆွေများလည်း ဆရာတော်
ပြောပြဆုံးမသည့်အတိုင်း လိုက်နာကျင့်သုံးနိုင်ပါစေ။ ဘ၀မှာ
စိတ်အချမ်းသာဆုံးနေနိုင်ကြပါစေ။ တရားအရသာကို နှစ်သက်၍ တရား၌မွေ့လျော်၊
တရားနှင့်ပျော်ကာ ဒုက္ခခပ်သိမ်း ငြိမ်းအေး အောင်နိုင်ပါစေဗျာ။

ဆရာတော်ဦးဇောတိက


မောင်ဘဲ(ရေနံ့သာ)

လူတွေသည် အားလူးနှင့် တူ၏

လူတွေသည် အားလူးနှင့် တူ၏

“Though Times Never Last, But Though People Do!” စာအုပ် ပြုစုရေးသားသူ ရောဘတ်ရှူးလာ Robert H. Schuller က “လူတွေသည် အာလူးနှင့် တူ၏” ဟု ဆိုလိုက်သည်။
ဘယ်ကိစ္စမှာ တူသနည်း။
ဘယ်အကြောင်းအချက်နှင့် နှီးနွယ်ကာ အာလူးနှင့် လူကို ဆက်စပ်နှိုင်းယှဉ်မှု ပြုလိုက်သနည်း။
ရှင်းပါမည်။
ရှူးလာ အကျွမ်းဝင်သည့် အိုင်ဒါဟိုးဒေသက ယာသမားတွေ အာလူးစိုက်ကြသည်။ အာလူးခင်းတွေ ဖော်ပြီးပြီဆိုလျှင် အတော်ဦးနှောက်ခြောက်စရာ အလုပ်တစ်ခု သူတို့ လုပ်ကြရသည်။ အဲဒါက အာလူးကို အကြီး အလတ် အသေး ရွေးကြရခြင်းဖြစ်သည်။
အာလူးစိုက်ရတာက သူတို့အတွက် အပန်းမကြီး။ အာလူးတစ်လုံးစီကို တစ်ကိုင်ကိုင်လုပ်ကာ ဟိုတောင်းထဲ ထည့်ရမလား၊ ဒီတောင်းထဲထည့်ရမလား စဉ်းစားဝေဖန်နေရတာ သူတို့ကြောက်ကြသည်။ သို့သော် မြို့က ဒိုင်မှာ သွားရောင်းသည့်အခါ အရောရောအနှောနှော ရောင်း၍ မရ။ သုံးမျိုးခွဲသွင်းမှ လက်ခံသည်။ ဈေးကလည်း သုံးမျိုး။ အကြီးဆုံးက ဈေးအကောင်းဆုံး၊ အဲသည်တော့လည်း မလွှဲမရှောင်သာ မြို့ဈေးသို့မသွားမီ အာလူးတွေ အကြီးအလတ်အသေးရွေးကာ အိတ်တွေထဲ သီးခြားစီ ခွဲထည့်သည့်အလုပ်ကို စိတ်ပင်ပန်းခံ၍ သူတို့လုပ်ကြရသည်။
အိုင်ဒါဟိုး ယာသမားများထဲမှာ တစ်ယောက်ကတော့ ထူးခြားသည်။ သူက ခွဲခြားခြင်း၊ အိတ်သွတ်ခြင်းလည်း မရှိ။ သည်အတိုင်း လှည်းနှင့်တိုက်သွားပြီး မြို့ရောက်မှ အိတ်တွေထဲ ခပ်မြန်မြန် ကောက်ထည့်ကာ သွားရောင်းတတ်သည်။ ဒိုင်ကလည်း သူ့အိတ်တွေကို လက်ခံသည်။
သည်ကိစ္စ ကျန်သည့်လူတွေ နားမလည်နိုင်ကြ။ သူ့မှာ ဘယ်လိုထူးခြားဆန်းကြယ်သည့် နည်းလမ်းများ ရှိလေသလဲ သိချင်ကြသည်။
သို့နှင့် မနေနိုင်သည့် တစ်ယောက်က မေးသည့်အခါ သည်ပုဂ္ဂိုလ်က ရှင်းပြသည်။ “ဒါက အလွယ်လေးပါဗျာ၊ မြို့တက်တော့မယ်ဆိုရင် ကျွန်တော့်အာလူးတွေအားလုံး လှည်းထဲ သွန်ထည့်လိုက်တာပဲဗျ။ ပြီးရင် မြို့ကိုသွားတဲ့လမ်းတွေထဲမှာ ဘယ်လမ်းအကြမ်းဆုံးလဲရွေးပြီး အဲဒီ လမ်းအတိုင်း မောင်းတာပဲ။ ကျွန်တော့်ယာခင်းနဲ့ မြို့နဲ့က ရှစ်မိုင်ဝေးတော့ လမ်းတစ်လျှောက်မှာ လှုပ်ရင်း ယမ်းရင်း အသေးဆုံး အာလူးတွေက တဖြည်းဖြည်း အောက်ဆုံးထိ ဆင်းသွား၊ အလယ်အလတ်တွေက အလယ်မှာနေပြီး၊ အကြီးဆုံးတွေက ထိပ်ဆုံးတက်လာတာပဲ” ဟူ၍။
မြို့ရောက်သည့်အခါ အာလူးတွေက အကြီးအလတ်အသေး သုံးလွှာဆင့်ထားသလို ဖြစ်နေတော့ တစ်လွှာစီ ကဲ့ပြီး အိတ်တွေထဲ ထည့်လိုက်သည့်အခါ တစ်လုံးချင်း ရွေးထားသူများနှင့် ဘာမှ မကွာခြားတော့ပေ။
ကျမ်းပြုဆရာ ရှူးလာက အိုင်ဒါဟိုးယာသမား၏ အာလူးအရွယ်အစားခွဲခြားသည့် နည်းလမ်းကို ကြည့်ကာ လူတွေ၏ အဖြစ်သည်လည်း အာလူးများနှင့် တူပေတာပဲဟု သွားမြင်သည်။
ခရောင်းလမ်းမှာ ဒလကြမ်း မောင်းလိုက်သည့်အခါ လှည်းထဲမှ အသေးဆုံး အညံ့ဆုံး အာလူးတွေ အောက်ဆုံးရောက်ကာ အကြီးဆုံး၊ အကောင်းဆုံးတွေက ထိပ်ဆုံးတက်လာသကဲ့သို့၊ အခက်အခဲတွေ အကျပ်အတည်းတွေ လောကဓံလှိုင်းဂယက်တွေကြား ကာလအတန်ကြာ ဖြတ်သန်းပြီးသည့်အခါ၌ ခံနိုင်ရည်နည်းသည့် အရည်အချင်းနည်းသည့် လူညံ့လူဖျင်းတွေသည် ဘ၀အဆင့် ကျမှန်းမသိကျကာ အောက်ဆုံးအထိ ထိုးဆင်းသွားကြပြီး၊ ခံနိုင်ရည်ရှိ အရည်အချင်းရှိသည့် လူတော်လူကောင်းတွေ ထိပ်ဆုံးတန်း တက်လာတတ်ခြင်းမှာလည်း လူ့လောက ဓမ္မတာသဘောသာ ဖြစ်သည်ဟု ရှူးလာက ကောက်ချက်စကား ဆိုခဲ့ခြင်း ဖြစ်ပါသည်။



ဖေမြင့်

Interview တွင်

Interview တွင်

ကိုယ်ရေးမှတ်တမ်းကောင်းလျှင် အင်တာဗျူးခေါ်ပါလိမ့်မည်။ အင်တာဗျူး အဖြေကောင်းမှ အလုပ်ရမှာ ဖြစ်ပါသည်။
အလုပ်လျှောက်သည့် အတွေ့မကြုံမရှိသေးသူအဖို့ အင်တာဗျူးဆိုသည်မှာ ကြောက်စရာ ဖြစ်နေနိုင်ပါသည်။
သို့သော် ယခုဖော်ပြထားသည့် ရိုးရှင်းသော လမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်မည်ဆိုပါက တကယ်တော့
အင်တာဗျူးသည် ကြောက်စရာမဟုတ်ပါ။

၁။ အင်တာဗျူးခေါ်ထားသည့် အချိန်ထက် ၁၀မိနစ် ၁၅ မိနစ်လောက်စောပြီး အရောက်သွားပါ။
မစောလွန်းပါစေနှင့်။ စောလွန်းလျှင် အထူးသဖြင့် စောင့်စရာနေရာ မလုံလောက်ပါက အင်တာဗျူး မေးသူ
စိတ်အနှောင့်အယှက်ဖြစ်ပါလိမ့်မည်။ နောက်မကျအောင်တော့ သတိထားပါ။

၂။ သပ်ရပ်စွာ ရိုးရိုးနှင့် သက်တောင့်သက်သာ ၀တ်စားဆင်ယင်ပါ။
ဥပမာအားဖြင့် လျှောက်ထားသည့် အလုပ်အတွက်သင့်တော်သော အခါမှလွဲ၍ ဆန်းပြားသော အ၀တ်အစား၊
ဂျင်း အင်္ကျီ ဂျင်းဘောင်းဘီ၊ ယုံကြည်ချက်နှင့် အယူဝါဒ စာတမ်းများပါသည့် အ၀တ်အစားများ ကို ရှောင်ရှားပါ။
နောက်ဆုံးပေါ် ဒီဇိုင်းဆန်း အ၀တ်အစားများ ရောင်းသည့်ဆိုင်မှာ အလုပ်သွားလျှောက်သည့်အခါ အ၀တ်အစား
ဆန်းဆန်း ၀တ်သွားနိုင်ပါသည်။

၃။ အလုပ်ရှင်အနေဖြင့် အလွယ်တကူ တွေ့မြင်နိုင်ပြီး မျက်စိနောက်နိုင်သည့် မျက်နှာစသည်တို့တွင် အပေါက်ဖောက်၍
အလှဝတ်ဆင်ထားခြင်းများ ရှိပါက ဖြုတ်ထားပါ။ထိုးကွင်းမင်ကြောင်များ ထိုးထားလျှင် အုပ်ထားပါ။ နေရာဒေသ
အများအပြားတွင်ခန္ဓာကိုယ်အစိတ်အပိုင်းများ၌ အပေါက်ဖောက်၍အလှ ကွင်းများ တပ်ထားခြင်း၊ ထိုးကွင်းမင်ကြောင်
ထိုးထားခြင်းတို့ကြောင့်အလုပ်မခန့်ပါက ဥပဒေနှင့် မညီပါ။ သို့သော်မျက်စိနောက်ခြင်းကြောင့် အလုပ်မခန့်ခြင်းများ ရှိပါသည်။


၎။ ကိုယ်တိုင်ရေးသားထားသော ကိုယ်ရေးမှတ်တမ်းကို သေသေချာချာ သိရှိရပါမည်။
ကိုယ်ရေးမှတ်တမ်းကို အလွတ်မပြောပြနိုင်ဘဲ ပြန်ဖတ်ပြနေရလျှင် အတော် အရုပ်ဆိုးပါသည်။ လျှောက်လွှာ ဖြည့်ရလျှင်
ကိုယ်ရေးမှတ်တမ်းအတိုင်း ဖြည့်ပါ။ ထိုအခါ အရည်အချင်းများကို မေးမြန်းလာလျှင် ချောမွေ့စွာ ဖြေကြားနိုင်ပါလိမ့်မည်။

၅။ လက်ဆွဲနှုတ်ဆက်ပြီး ထိုင်ပါဟု မပြောမချင်း မတ်တတ်ရပ်နေပါ။
အမည်ကို ရှင်းလင်းစွာ မထစ်မငေါ့ ပြောပါ။ အင်တာဗျူးမည့်သူကို သင့်အား လက်ခံတွေ့ဆုံသည့်အတွက်
ကျေးဇူးတင်ကြောင်း ပြောပါ။

၆။ မေးခွန်းများကို ဖြေကြားရာတွင် လေမရှည်ပါနှင့်။
လိုရင်းကို တိုတိုရှင်းရှင်း ဖြေပါ။ မေးခွန်းကို နားမလည်လျှင် သို့မဟုတ် မကြားသိလိုက်လျှင် အခြား စကားလုံး
ဝေါဟာရဖြင့် ပြန်မေးပါစေ၊သို့မဟုတ် နောက်တစ်ကြိမ် ပြန်မေးပါစေ။

၇။ ဖြစ်နိုင်သည့်အခါတိုင်း အဖြေများကို ကြိုတင်ပြင်ဆင်ထားပါ။
အင်တာဗျူးများတွင် မေးလေ့မေးထ ရှိသော မေးခွန်းများ ရှိပါသည်။

၈။ အလုပ်လျှောက်သည့် ကုမ္ပဏီအကြောင်း အနည်းငယ် သိအောင် လုပ်ပါ။
လျှောက်ထားသည့် အလုပ်အကြောင်း အသေးစိတ်အချက်များကိုလည်း သိအောင်လုပ်ပါ။ မေးခွန်းများကို ဖြေရာတွင်
ယင်းတို့ကို သက်ဆိုင် အကျုံးဝင်သည့်အခါတိုင်း ထည့်သွင်း ဖြေဆိုပေးပါ။

၉။ မေးခွန်းများ ပြန်မေးရမည်ကို မကြောက်ပါနှင့်။
စင်စစ် အင်တာဗျူးမေးမြန်းသူအများအပြားက အင်တာဗျူးဖြေသူကို မေးစရာရှိသလားဟု ပြန်မေးခိုင်းလေ့ရှိပြီး
ပြန်မေးသည့် မေးခွန်းများကို ကြည့်၍ အလုပ်အပေါ် ထားသည့် သဘောထားနှင့် မျှော်မှန်းချက်တို့ကို သိနိုင်သည်ဟု
ယူဆကြပါသည်။

၁၀။ လစာနှုန်း၊ ဆုကြေးပေးသည့် စည်းမျဉ်းများနှင့် ကုမ္ပဏီအတွင်းရာထူးတက်နိုင်သည့် အခွင့်အလမ်းများကို မသိရသေးလျှင်
မေးမြန်းနိုင်ပါသည်။ မက်ဒေါ်နယ်ကဲ့သို့သော အလွန်ကြီးမားသည့် ကုမ္ပဏီကြီး ဖြစ်ပါက ၀န်ထမ်းများကို ပညာသင်ဆု ပေးအပ်သည့်
အစီအစဉ်များ ရှိမရှိ မေးမြန်းနိုင်ပါသည်။

၁၁။ အလုပ်လုပ်နိုင်မည့် အချိန်ကို လိမ်ညာမပြောပါနှင့်။
စနေ တနင်္ဂနွေများတွင်သာ အလုပ်ဆင်း နိုင်မည်ဆိုပါက ပွင့်ပွင့်လင်းလင်း ပြောထားပါ။ ည ၉ နာရီထက် နောက်ကျပြီး
အလုပ်မလုပ်နိုင်လျှင် မလုပ်နိုင်ကြောင်း ထုတ်ဖော်ပြောကြားထားဖို့ လိုအပ်ပါသည်။

၁၂။ အင်တာဗျူးလုပ်သူကို မည်သည့်အချိန်တွင် ဆုံးဖြတ်ချက် ချမည်နည်းဟု မေးမြန်းပါ။
လျှောက်ထားသူ အားလုံးထံ ဆက်သွယ်မည် သို့မဟုတ် ခန့်အပ်မည့်သူများကိုသာ ဆက်သွယ်မည်ကို မေးမြန်းပါ။
အင်တာဗျူး ဖြေပြီး အလုပ်တက်ရက် ၂ရက် ကြာပြီးသောအခါ ဖုန်းဖြင့် အကျိုးအကြောင်း စုံစမ်းဖြစ်အောင် စုံစမ်းပါ။

၁၃။ အင်တာဗျူးပြီးဆုံး၍ မပြန်မီ အင်တာဗျူးလုပ်သူကို ကျေးဇူးတင်ကြောင်း ထပ်ပြောပြီး လက်ဆွဲနှုတ်ဆက်ပါ။
ပြုံးပြီး မျက်လုံးချင်း ဆုံ၍ နှုတ်ဆက်ပြီးမှ ပြန်ရန်ဖြစ်ပါသည်။